Desierto (2015) မြန်မာစာတမ်းထိုး

ဒီဇာတ်ကားကို ဖန်တီးသူတွေကတော့ Gravity နဲ့ အော်စကာဆုရထားတဲ့ Cuarón တို့ ညီအစ်ကိုတွေပါပဲ။ ဒါရိုက်တာ Jonás Cuarón က အစ်ကိုကြီး Alfonso Cuarón ရဲ့ ခြေရာကို နင်းမယ့်ပုံ ရပါတယ်။
ဇာတ်လမ်းက အမေရိကန်-မက္ကဆီကို နယ်စပ်ကနေ ခိုးဝင်လာတဲ့ မက္ကဆီကိုသားတစ်သိုက်ကို အမဲလိုက်ခံရတဲ့ အကြောင်းပါ။ မက္ကဆီကိုမှာ အခြေအနေမဟန်လို့ အမေရိကန်နိုင်ငံကို တရားမ၀င် ခိုးဝင်ဖို့ ကြိုးစားကြသူတွေဟာ လမ်းမှာ ကားပျက်သွားတဲ့အတွက် လွင်တီးခေါင်ပြင်မှာ လမ်းဆင်းလျှောက်ကြရပါတယ်။ အဲဒီအဖွဲ့ထဲက အဒဲလာက လမ်းသိပ်မလျှောက်နိုင်တဲ့အတွက် တခြားသူတွေက သူ့ကို ထားရစ်ခဲ့ကြလို့ မော့ဆက်က သူ့ကို စောင့်ပြီး အနောက်က လိုက်ရတယ်။ အဲဒီအချိန်မှာပဲ ဘယ်နေရာမှန်း မသိတဲ့ တစ်နေရာက စနိုက်ပါနဲ့ လှမ်းပစ်တဲ့အတွက် အသက်လုပြေးကြရပါတယ်။ အမဲလိုက်သူက ဆမ် လို့ခေါ်တဲ့ အမေရိကန်နယ်စပ်က လက်ဖြောင့်သေနတ်သမားတစ်ယောက်ပါ။ သူက နယ်စပ် ရဲတပ်ဖွဲ့ကလည်း မဟုတ်ပါဘူး။ တရားမ၀င် ခိုးဝင်လာတဲ့ မက္ကဆီကိုသားတွေကို မုဆိုးက သားကောင်ကို အမဲလိုက်သလို ကားတစ်စီး၊ စနိုက်ပါတစ်လက်၊ ခွေးတစ်ကောင်နဲ့ လိုက်သတ်တဲ့သူပါ။ သူကတော့ Supernatural ထဲမှာ ဆမ်နဲ့ ဒင်းတို့ရဲ့ အဖေအဖြစ် သရုပ်ဆောင်ခဲ့တဲ့ ၀ါရင့် မင်းသားကြီး Jeffrey Dean Morgan ပါပဲ။ ဒီကားမှာတော့ သူ့ရဲ့ လက်မရွံ့ မုဆိုးကြီးတစ်ယောက်အသွင်က ကြောက်မက်ဖွယ်ရာ ကောင်းလှပါတယ်။ Cinematography က ရုပ်ရှင်ရုံမှာဆိုရင် တော်တော်ကြည့်လို့ လှမယ်။ ကျယ်ပြန့်တဲ့ လွင်တီးခေါင်ပြင်ရဲ့ ခြောက်သွေ့မှုက ပြေးစရာ မြေရှိသော်လည်း လွတ်လမ်းမဲ့နေတဲ့ သင်္ကေတကို ရှင်းရှင်းကြီး ပြနေတယ်။ လူသားအချင်းချင်း အမဲလိုက်ခံနေရတဲ့ အမေရိကန်မုဆိုးတစ်ယောက်နဲ့ မက္ကဆီကိုသားကောင်တွေရဲ့ အသက်လုပွဲက ယုတ္တိရှိရှိနဲ့ အသည်းထိတ်စရာ ကောင်းလှတာမို့ သည်းထိတ်ရင်ဖိုနှစ်သက်သူတွေအတွက် လက်လွတ်မခံသင့်တဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။

credit-goldchannel

No comments:

Post a Comment